“သားလေးကို သူ့ပညာလေးနဲ့ လူတောထဲမှာ အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့အထိ အစ်မကြိုးစားကြည့်ချင်တယ်” ရွှေကြာ (ရွှေကြာပရဟိတ)

100568725_2820090354944237_3464777012768407552_n.jpg

သားလေးက အခု ဆယ့်ခုနစ်နှစ်ရှိပြီ။ အစ်မခေါ်လာတုန်းက သူဆယ့်ငါးနှစ်သားဆိုပေမယ့် ငါးနှစ်သားလေးလိုပဲ။ အခုထိသူက ဆေးတွေသောက်နေရတုန်းပဲ။ ငါးနှစ်သားကတည်းက အရက်တွေသောက်လာတော့ ဦီးနှောက်ဉာဏ်ရည်က ဘယ်လိုမှ အဆင်မပြေဘူး။ ဆေးတွေအများကြီးဆက်သောက်ရဦးမှာဆိုတော့ ဘဝသစ်စိတ်ကျန်းမာရေးဆေးရုံမှာပဲ မသဇင်မောင်က သူ့ကိုဆေးဆက်ကုပေးနေတုန်းပါ။ ကိုဗစ်ကာလမှာတော့ သူ့ဆီအစ်မတစ်ခေါက်ပဲ ရောက်သေးတယ်။ ကျန်တဲ့အချိန်တော့ အစ်မအားရင် အားသလိုသွားတွေ့ဖြစ်တယ်။ ဘယ်လိူမှ မအားရင်တော့ အဲဒီက အမဆီ video call ခေါ်ဖြစ်ပါတယ်။ အစ်မ မလာတာကြာရင်လည်း သူက မျှော်တယ်။သူ့အသိဉာဏ်က ပုံမှန်မဟုတ်သေးဘူး။ စကားတောင်သိပ်မထွက်သေးဘူး။ စကားတစ်လုံးတစ်လုံးပြောဖို့ တော်တော်အားယူရတယ်။ ထပ်မွေးစားဖို့ဆိုတာက တကယ်ဒုက္ခရောက်လို့ မွေးစားပါဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ သူ့ကို ဒီလိုပြောင်းလဲလာတာ မလွယ်ဘူးပေါ့။ တကယ်မလွယ်တဲ့အလုပ်ကို ကိုယ်လည်း ဘယ်လိုကြောင့် မွေးစားဖြစ်လဲဆိုတော့ သနားတာလေ။ သူ့နေရာမှာ ငါ့သားလေးသာဆိုရင် ဘယ်လိုလုပ်မလဲ၊ ငါ့ဆွေမျိုးဆိုရင် ဘယ်လိုလုပ်မလဲဆိုပြီး စိတ်တော်တော် ပင်ပင်ပန်းပန်း သူ့ကို ကြိုးစားခဲ့ရတာ။ အတိုက်အခိုက်တွေလည်း အများကြီးပေါ့။ သူဒီလိုပြောင်းလဲလာတာ အစ်မတစ်ယောက်တည်း တော်လို့မဟုတ်ဘူး။ အစ်မအဖွဲ့တွေ၊ အစ်မနားမှာရှိတဲ့သူတွေ တော်ကြလို့ပါ။ ဘဝသစ်က မသဇင်ကလည်း စေတနာထားပြီး ဆေးကုပေးလို့ သူဒီလိုပြောင်းလဲလာတာပါ။ အားလုံးရဲ့ကျေးဇူး၊ အလှူရှင် တွေရဲ့ကျေးဇူးလည်း ပါတာပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က Dr. Eric က အစ်မကိုညသားသားနဲ့ ပတ်သက်ပြီး အစ်မကို ကျေးဇူးအရမ်းတင်ပြီး အရမ်းချစ်တာပဲဆိုပြီး အသံဖိုင်လ်လေး ပို့လာတယ်။ မရွှေကြာကို အရမ်းလေးစား အားကျရပြီး ချစ်တာပေါ့။ အဲဒီနောက် သားသားကို live လွှင့်တော့ comment မှာ သားသားကို မုန့်ဖိုးတစ်သိန်းလွှဲပေးမယ်၊ သူလိုချင်တာလေးတွေ ဝယ်ပေးပေါ့လို့ ရေးလာပြီး ချက်ချင်းလွှဲပေးလိုက်တယ်။ သူ့အတွက် လိုအပ်တာတွေရှိရင်လည်း သူအကုန်တာဝန်ယူမယ်၊ သူ့ကိုပြောပါ ဆိုပြီးပြောထားပါတယ်။ အစ်မလည်း သားသားကို မုန့်လေးတွေ၊ အင်္ကျီလေးတွေ ဝယ်သွားပေးတော့ သားသားလည်း ပျော်နေတာပေါ့။တခြားအလှူရှင်တွေလည်း လေး၊ ငါးသောင်းလှူကြတာရှိပေမယ့် သားသားအတွက် သီးသန့်လှူတာရယ်လို့ သိပ်မရှိဘူး။ ဒီလို တစ်သိန်းဆိုပြီး သားသားအတွက်လှူတာ ဆရာ Eric ပထမဆုံးပဲ။ သားသားအတွက် မသဇင်မောင်တို့ တာဝန်ယူတယ်၊ ကိုယ့်အသင်းက သူ့အတွက် လိုအပ်တာတွေ ကူညီတယ်။ သူကြိုက်တဲ့ဟာတွေကို အစ်မသူ့နားသွားရင် အသင်းက ငွေလေးထုတ်ပြီး အမြဲတမ်းဝယ်သွားပေးတယ်။ ဆရာ Eric ကိုအရင်ကတော့ မသိဘူး။ Covid ကာလမှာ post တွေတက်လာမှ စသိတာ။ နောက်ပြီး အနုပညာရှင်တွေနဲ့ အလှူငွေတွေပေါင်းကောက်ပြီး မြန်မာနိုင်ငံအတွက်၊ မြန်မာနိုင်ငံအတွက်ဆိုပြီး လုပ်လာတယ်။ အဲဒီမှာ ဆရာ့ကို အရမ်းလေးစားပြီး သဘောကျလာတာ။ နိုင်ငံခြားမှာ သူတတ်တဲ့ပညာနဲ့ သွားပြီးဆေးကုတယ်။ အဲဒီမှာ သူပညာတွေအများကြီးရ တယ်။ သူရတဲ့ပညာတွေကို online ပေါ်ကနေပြီး မြန်မာပြည်အတွက် ပြန်ဝေမျှတယ်။ နိုင်ငံခြားမှာဆေးကုနေတဲ့ဆရာဝန်တစ်ယောက်ရဲ့ စကားတွေကြားပြီး မြန်မာပြည်သူတွေရော ကိုယ်ကိုယ်တိုင်ပါ စိတ်ပေါ့တယ်။ သူ့ live တိုင်းကို နားထောင်ပြီး သူပြောတာတွေ မြန်မာပြည်သူတွေကို ပြန်ပြောပြလို့ရမယ့်ဟာတွေကို အစ်မလိုက်မှတ်ပြီး ဒီမှာ ပြန် sharing လုပ်တယ်ပေါ့။ ကိုဂျွန်လွင်တို့အနုပညာရှင်တွေနဲ့ပေါင်းပြီး အလှူငွေတွေကောက်တယ်။ မြန်မာပြည်သူတွေ ရောဂါဖြစ်လာရင် ကုလို့ရအောင်ဆိုပြီး ဆေးရုံတွေမှာလှူတယ်။ အဲဒါတွေကို လေးစားအားကျရတာပါ။ ကိုယ်တွေ မလုပ်နိုင်ဘူးလေ။အစ်မတို့ ပရဟိတသမားတွေက သူမလုပ်နိုင်တာ၊ ကိုယ်မလုပ်နိုင်တာတွေဆို လေးစားအားကျကြတယ်။ အကုန်လုံး လုပ်နိုင်တာ ချင်း မတူကြဘူးလေ။ သားလေးအတွက် အစ်မအနေနဲ့ နာမကျန်းတွေဖြစ်ပြီး ရာသက်ပန်တာဝန်မယူနိုင်ခဲ့တော့ရင်တောင် တာဝန်ယူနိုင် မယ်သူကို အစ်မနှုတ်အားနဲ့ သားလေးဘဝအတွက် အပ်ပေးခဲ့ဖို့ စဉ်းစားထားပါတယ်။ သားလေးအနေနဲ့လည်း တစ်သက်လုံး ဒီလို ဉာဏ်ရည် မမီဘဲဖြစ်နေမှာတော့ မဟုတ်ပါဘူး။ အချိန်တစ်ခုတော့စောင့်ရမှာပေါ့။ အစ်မအသက်ရှင်နေသေးတယ်ဆိုရင် သူ့ကို လူတောထဲတိုးနိုင်အောင် သူ့ပညာလေးနဲ့ အသက်မွေးဝမ်းကြောင်းပြုနိုင်တဲ့အထိ အစ်မကြိုးစားကြည့်ချင်တယ်။

Share this post

    8days.com.mm

    8days.com.mm

    8 days Web Tv is the famous and popular web tv platform of 8 days journal,the very first of entertainment journal since 2008. Celebrities 8days A Week Journal It covers a wide range of many components including Fashion News,Beauty,backstage photos,Fashion trends,Coverstar interviews,Celebrity and supermodels interviews,celebrity’s cooking livings programs,Celebrity party photos,Artists own letters,International celebrity news,Korean waves and Astrology. 8 days journal published on every Thursday and distributed in every sections of Myanmar 8 DAYS journal is the longest running entertainment journal in Myanmar and its size is 16:10 size (known as the journal size). In 2016 ,8 DAYS journal is running another part of the web tv which is known us 8 DAYS TV on Facebook and it has own website www.8days.com.mm .

    scroll to top